Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Human Trafficking

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး(၂/၂ဝ၁၅)ကျင်းပပြုလုပ်

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး(၂/၂ဝ၁၅)ကျင်းပပြုလုပ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး(၂/၂ဝ၁၅)ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ပြည်ထဲရေးဝန်ကြ

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အစည်းအဝေး(၂/၂ဝ၁၅)ကျင်းပပြုလုပ်

29.12.2015

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး(၂/၂ဝ၁၅)ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို က ယခုနှစ်သည် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဒုတိယ(၅)နှစ် စီမံကိန်း၏ စတုတ္ထနှစ်သို့ ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ တတိယ(၅)နှစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်များက ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့်သာ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံအစိုးရနှင့် ပူးပေါင်း၍ လူကုန်ကူးခံရသူများ ပြန်လည်ပို့ဆောင်ရေးနှင့် လူကုန်ကူးသူများအား တရားစွဲဆိုရေးဆိုင်ရာကိစ္စရပ်များကို ချိတ်ဆက်လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ လူကုန်ကူးမှုဆန့်ကျင်ရေး အာဆီယံကွန်ဗင်းရှင်းကို  မလေးရှားနိုင်ငံ၌ပြုလုပ်သည့် ASEAN SUMMIT ၌ အာဆီယံခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊

ငွေကြေးစီးဆင်းမှုများ၏နောက်ကွယ်၌ လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ ကျူးလွန်လာနိုင်သည့်အတွက် ပြစ်မှုဆိုင်ရာကိစ္စရပ်များ၌ နိုင်ငံအချင်းချင်း အကူအညီပေးရေး ကဏ္ဍသည် များစွာကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏နိုင်ငံအချင်းချင်းအကူအညီပေးရေး ဥပဒေနှင့် မြန်မာနိုင်ငံပါဝင်လက်မှတ်ထိုးထားသည့် နိုင်ငံအချင်းချင်း အကူအညီပေးရေး အာဆီယံ သဘောတူစာချုပ်များကို နောင်လက်တွေ့နယ်ပယ်တွင် ပိုမိုထိရောက်စွာ အသုံးပြုနိုင်တော့မည်ဖြစ် ကြောင်း၊

အသိပညာပေးရေးလုပ်ငန်းများကို မီဒီယာများ၊ လူမှုအဖွဲ့အစည်းများ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် ပညာရှင်များ ပိုမိုပူးပေါင်းဆောင်ရွက်နေကြောင်း၊ လက်နက်ကိုင်ပဋိပက္ခနယ်မြေများရှိ ကယ်ဆယ်ရေးစခန်းများ၊ ပြည်တွင်းရွှေ့ပြောင်းသွားလာသည့်နေရာများ၊ သဘာဝဘေးအန္တရာယ် ကျရောက်နေကြသည့်နေရာများ၌ UN, INGO, NGO များနှင့်ပူးပေါင်း၍ အသိပညာပေးလုပ်ငန်း များကို ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိကြောင်း၊ 

ကြိုတင်တားဆီးကာကွယ်ရေးကဏ္ဍ၌ အသိပညာပေးလုပ်ငန်းများဖြင့် ပြည့်စုံလုံလောက်မှု မရှိနိုင်သည့်အတွက် လူကုန်ကူးခံရနိုင်သည့် အကြောင်းအရင်းများ၊ လူကုန်ကူးမှုဖြစ်ပွားနိုင်သည့် နေရာများ၊ လူကုန်ကူးခံရနိုင်သည့်ဦးတည်အုပ်စုများနှင့် လူကုန်ကူးမှုကျူးလွန်နိုင်သူများကို ရှာဖွေ ဖော်ထုတ်ရန်လိုအပ်ပါကြောင်း၊ ပြည်ပသို့ ရွှေ့ပြောင်းသွားလာကြသူများအတွက် လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာမှု (Safe Migration)ဖြစ်ရန် နည်းဗျူဟာများချမှတ်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းအလုပ်အကိုင်ဖန်တီးပေးနိုင်ရေးကို ကူညီဆောင်ရွက်ပေးသွားမှသာ လူကုန်ကူးမှုများ လျော့နည်းကျဆင်းလာမည်ဖြစ်ကြောင်း၊ 

၂၀၀၅ ခုနှစ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို လူကုန်ကူးမှုဆန့်ကျင်ရေး အာဆီယံကွန်ဗင်းရှင်းနှင့် ကိုက်ညီမှုရှိစေရန် ပြန်လည်စိစစ် ရေးဆွဲလျက်ရှိရာ မူကြမ်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊

ယခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ကျွန်းများပေါ်ရှိ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ရေလုပ်သား(၇၈၉)ဦးကိုကယ်တင်၍ မိဘရပ်ထံပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်ပေးနိုင်ခြင်းသည် ထင်ရှားသည့် သာဓကတစ်ရပ်ဖြစ်ကြောင်း၊

ပြည်ပနိုင်ငံများသို့ လူကုန်ကူးခံရသူများတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များသာမက အမျိုးသားများပါဝင်လာသည့်အတွက် လူမှုရေးအထောက်အပံ့များ (Social Support)ရရှိရန် ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအပါအဝင် လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ 

လူကုန်ကူးခံရသူများအား ပြန်လည်လွှဲပြောင်းပေးအပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထိုင်းနိုင်ငံနှင့်ပူးပေါင်း၍ ရေးဆွဲဆောင်ရွက်နေသကဲ့သို့ တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှား နိုင်ငံတို့နှင့်ပါ ဆက်လက်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ 

နိုင်ငံတော်အစိုးရအနေဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေခွဲဝေချထားခဲ့ကြောင်း၊ လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ထူထောင်ရေးတို့အတွက် နိုင်ငံတော်ကထောက်ပံ့သည့်ငွေကြေးနှင့် ပြည်တွင်းပြည်ပမှ လှူဒါန်းသောငွေကြေးများကို ရန်ပုံငွေတစ်ရပ်အနေဖြင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့မှ ထူထောင်သွားရန် လိုအပ်ကြောင်း၊ 

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၌ ငွေအားနှင့် နည်းပညာအကူအညီများ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည့် ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပအလှူရှင်များ၊ အနုပညာရှင်များ၊ မီဒီယာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ 

တရားမဝင် လှေစီးရွှေ့ပြောင်းသွားလာသူများနှင့်ပတ်သက်၍ တရားမဝင် ရွှေ့ပြောင်း သွားလာမှု မူရင်းနိုင်ငံမဖြစ်ရေးနှင့် တစ်ဆင့်ခံမဖြစ်ရေးသည် အရေးကြီးပါကြောင်း၊ ထို့ကြောင့် တရားမဝင် လှေစီးရွှေ့ပြောင်းသွားလာမှုများကို အလေးအနက်ထားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များ၏ အားနည်းချက်၊ အားသာချက်များကိုသုံးသပ်ပြီး ဆက်လက်ဆောင်ရွက်သွားရမည့် ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ် ပေးရေးလုပ်ငန်းအဖွဲ့ ဥက္ကဌကိုယ်စား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းရွှေ၊ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာလုပ်ငန်းအဖွဲ့ဥက္ကဌကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည် လက်ခံရေး၊ ပြန်လည်၀င်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ဥက္ကဌကိုယ်စား လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးတို့က လုပ်ငန်းအဖွဲ့အလိုက် ဆောင်ရွက်ချက်များကိုလည်းကောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်း က ၂ဝ၁၅ ခုနှစ်၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များ၊ ၂ဝ၁၆ ခုနှစ်၊  ရှေ့လုပ်ငန်း စဉ်များနှင့် လုပ်ငန်းစီမံချက်(မူကြမ်း)ကိုလည်းကောင်း၊ Human Trafficking Working Group မှ တာ၀န်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များကို လည်းကောင်း ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက အထွေထွေဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဗဟိုအဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို က ရှင်းလင်းဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။