နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့တို့၌ လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ် နေပြည်တော်၊ ဇွန် ၁၈ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သ
နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့တို့၌ လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်


နေပြည်တော်၊ ဇွန် ၁၈
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှု မဖြစ်ပွားစေရေး၊ လူကုန်ကူးမခံရစေရေး အသိပညာပေးခြင်းနှင့် လူကုန်ကူးသူပွဲစားများကို ထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် ရက်(၁ဝဝ)စီမံချက်ကို ၂ဝ၁၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့အထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်နှင့် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၊ ရွာသာကြီးစီပွားရေးတက္ကသိုလ်တို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌လည်းကောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ အသီးသီး ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲများတွင် သက်ဆိုင်ရာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု/စိတ်များမှ တပ်ဖွဲ့ဝင်များက လူကုန်ကူးမှု/လူမှောင်ခိုမှုအဓိပ္ပာယ်၊ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ရာတွင် သိထားသင့်သည့် အချက်များ၊ ရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင်ရာမှ လူကုန်ကူးမှုဖြစ်ပွားတတ်ပုံများ၊ မြန်မာ နိုင်ငံတွင်ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူ/လူပွဲစားများ၏ စည်းရုံးပုံ/စည်းရုံး နည်းများ၊ အမျိုးသမီးများအကြမ်းဖက်ခံရမှုမှ ကာကွယ်ရေးဆိုင်ရာများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/သူ(၂,၃၄၉)ဦးတို့အား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။