Facebook Account များခိုးယူ၍ ငွေလိမ်လည်ချေးငှားခြင်း ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်ခြင်းများနှင့့်ပတ်သက်၍ အသိပေးတင်ပြခြင်း နေပြည်တော်၊ ဇွန် ၅ ၁။ တိုးတက်လာသောနည်းပညာများနှင့်အညီ လူမှုကွန်ရက်(So
Facebook Account များခိုးယူ၍ ငွေလိမ်လည်ချေးငှားခြင်း ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်ခြင်းများနှင့့်ပတ်သက်၍ အသိပေးတင်ပြခြင်း
နေပြည်တော်၊ ဇွန် ၅
၁။ တိုးတက်လာသောနည်းပညာများနှင့်အညီ လူမှုကွန်ရက်(Social Media)အတွင်းမှ တစ်ခု ဖြစ်သည့် Facebook သည်လည်း ၎င်းတို့အနေဖြင့် အသုံးပြုသူများ၏ လုံခြုံရေးအတွက် အချိန်နှင့် အမျှ စောင့်ကြည့်ထိန်းသိမ်းပေးနေသော်လည်း လိုအပ်ချက်များရှိနေဆဲဖြစ်ပါသည်။ အဓိကအားဖြင့် Facebook မှ လုံခြုံရေးမြှင့်တင်ပေးနေသည်ထက် အသုံးပြုသူ (User) တစ်ဦးချင်း အနေဖြင့် မိမိတို့၏ Account များအား သတိရှိရှိနှင့် လုံခြုံမှုအဆင့်ရှိသည့် Password များထားရှိ သုံးစွဲ ကြရန်လည်း အရေးကြီးပါသည်။
၂။ ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် နှစ်လယ်ကာလများအတွင်း Facebook Personal Account ခိုးယူခံရခြင်းများ ပိုမိုဖြစ်ပွားခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ထို့သို့ Account ခိုးယူခံရမှုများ၏ အဓိက အကြောင်းအရင်းမှာ Account ခိုးယူသူများ၏ ကျွမ်းကျင်မှုထက် Account ပိုင်ရှင်များ၏ ပေါ့ဆမှုများကြောင့် ပို၍ဖြစ်ပွားကြောင်း တွေ့ရှိရပါသည်။ ဥပမာအားဖြင့် မိမိတို့ အသုံးပြုသည့် Account များ၏ Password နေရာတွင် အလွယ်တကူဖြင့် “Password”ဟုပေးခြင်း၊ မွေးနေ့၊ မွေးလ၊ မွေးနှစ်တို့ဖြင့် ပေးခြင်း၊ မိမိ Username ကို Password အဖြစ် အလွယ်တကူပြန်ပေးခြင်း၊ မိမိတို့နေထိုင်သည့် မြို့/ ရွာ၊ အလုပ်အကိုင်တို့ကို Password အဖြစ်ပေးခြင်း၊ မိမိတို့၏ ဖုန်းနံပါတ် (သို့မဟုတ်) ဂဏန်း 12345 အစရှိသဖြင့် အလွယ်တကူမှတ်မိနေစေရန် ပေးခြင်းတို့ကြောင့်၊ ခိုးယူသူများမှ အလွယ်တကူ မှန်းဆနိုင်ပြီး သုံးစွဲသူအား နှောင့်ယှက်မှုများရှိလာပါသည်။
၃။ Account ခိုးယူသူများမှ like ၁ သိန်း(သို့မဟုတ်) ၁ သိန်းအထက် ရရှိထားသော Page/ Group များ၏ Admin Account များအား Online ပေါ်တွင် စျေးပေါပေါဖြင့် ရောင်းချ လျက်ရှိပါသည်။ ထိုသို့ ရောင်းချမှုများအား ဝယ်ယူပြီးပါက Password ပြောင်းလဲခြင်း၊ Two- Factor Authentication ကဲ့သို့ လုံခြုံရေးအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ခြင်းမရှိပါက အဆိုပါ Account များ ပြန်လည်ခိုးယူခြင်းခံရနိုင်ပါသည်။
၄။ Account ခိုးယူသူများသည် နာမည်ကြီး အနုပညာရှင်များထံ ချဉ်းကပ်ခြင်း၊ နာမည်ရ ဆရာတော်များထံ ချဉ်းကပ်ခြင်းများ ပြုလုပ်၍ နည်းပညာကျွမ်းကျင်ကြောင်းပြကာ Account ဖွင့်ပေးပြီး အသုံးပြုသူ၏ အားနည်းချက်များ၊ အမှားများအား အချိန်ယူစောင့်ကြည့်လေ့ရှိပါသည်။ ထို့ကြောင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ ပေါက်ကြားခြင်း၊ မိမိ Account အတွင်းရှိ Friend များအား မိမိအနေဖြင့် ဟန်ဆောင်၍ ငွေလိုက်လံချေးငှားခြင်းများ ပြုလုပ်ကြရာ အချို့ဆရာတော်ကြီးများသည် တပည့်အား ယုံကြည်ကာ Account များ ဖွင့်ကိုင်စေပြီး အဆိုပါ တပည့်များက Messenger မှတစ်ဆင့် ဆရာတော်ကြီးဟန်ဆောင်၍ Friend ဖြစ်သော ဒါယကာ၊ ဒါယိကာမများထံမှ ငွေလိမ်လည်မှုများ ပြုလုပ်သည်အထိ ရှိလာခဲ့ပါသည်။
၅ အချို့သည်လည်း ဖုန်းအရောင်းဆိုင်များရှိ ဝန်ထမ်းများအား Account ဖွင့်ခိုင်းရာ Account ဖွင့်ပေးသူများက Password အား မှတ်ယူထား၍ အမြဲစောင့်ကြည့်ပြီး အဆိုပါ Account ဖွင့်ခိုင်းသူများ၏ အားနည်းချက်ကို အခွင့်ကောင်းယူ၍ သတင်း/ဓါတ်ပုံ/ ဗီဒီယိုဖိုင် တို့အား ခိုးယူကာ တဆင့်ပြန်လည်ရောင်းချခြင်းများ ပြုလုပ်ကြပါသည်။ Facebook အသုံးပြုသူ အချို့သည် New Account အား ထပ်မံဖွင့်လှစ် အသုံးပြုသော်လည်း Old Account အား မဖျက်သိမ်းဘဲ ထားမိခြင်း၊ Old Account ၏ Password များ မမှတ်မိခြင်းများရှိရာ မိမိယခင် အသုံးပြုခဲ့သည့် Old Account တွင် Friend များ ရှိနေသည်ကို သတိမပြုမိကြဘဲ အဆိုပါ Old Account အား ခိုးယူသူများမှ နည်းမျိုးစုံဖြင့် ရယူကာ Messenger မှ တစ်ဆင့် Friend များထံ ငွေလိုက်လံချေးငှားခြင်းများ ပြုလုပ်လာမှုများ ရှိလာသောကြောင့် အချိန်မီ ဖြေရှင်းမှု မပြုလုပ်ပါက ဂုဏ်သိက္ခာကျဆင်းမှုများ၊ ပြဿနာများ ကြုံတွေ့လာရမည် ဖြစ်ပါသည်။
၆။ ထိုသို့သော အကြောင်းအရာများမှာ မကြာခဏဖြစ်ပွားနေသော ကိစ္စများဖြစ်ပြီး ဆောင်ရွက် သည့် တရားခံအား အလွယ်တကူ သိရှိုနိုင်ခြင်း မရှိသောကြောင့် ရဲစခန်းတွင် အမှုဖွင့်ရန်လည်း အခက်အခဲရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် အခြားသူအား ဖွင့်လှစ်ခိုင်းသည့် Account များအား Password အသစ် ထပ်မံပြောင်းလဲခြင်း၊ ပြောင်းလဲသည့် Password တွင် အက္ခရာ၊ ဂဏန်း၊ သင်္ကေတတို့ ပေါင်းစပ်၍ ပေးခြင်း၊ Facebook Security and Login Setting မှ Setting Up Extra Security ရှိ Get alerts about unrecognized login ကို on ပေးခြင်း၊ Use two-factor authentication ကို on ပေးခြင်း စသည့် လုံခြုံရေးအဆင့် မြှင့်တင်ပေးသည့် Setting များအား လေ့လာကာ အသုံးချခြင်းဖြင့် မိမိ၏ Facebook Account မှာ အတန်အသင့် လုံခြုံမှု ရှိမည်ဖြစ်ပါသည်။
၇။ ထို့အပြင် မိမိ၏ Account ၏ Login အခြေအနေအား အခါအားလျော်စွာ စစ်ဆေးခြင်း မိမိကိုယ်ရေးအချက်အလက်များအား only me ပြုလုပ်ခြင်း မိမိ၏ Password အား လျှို့ဝှက် မှတ်သားထားခြင်းနှင့် သေချာစွာ စိတ်ချရသော ဆွေးမျိုးသားချင်းရှိမှသာ မိမိ Password ကို အသိပေးထားခြင်း၊ ၁ လလျှင် တစ်ကြိမ်(သို့မဟုတ်) ၃ လလျှင် တစ်ကြိမ်ခန့် Password ကို အသစ်ပြောင်းလဲခြင်း၊ Old Account အား စနစ်တကျအမြဲတမ်းပိတ်သိမ်းခြင်း( Permanent Deactivation)များ ဆောင်ရွက်ထားသင့်ပြီး မိမိ Account မှ Friend များထံ ငွေကြေးလိမ်လည် ကြောင်း သိရှိရသည်နှင့် မိမိဟန်ဆောင်၍ ငွေလိမ်လည်နေကြောင်း Post တင်ကာ Friend အားလုံထံ Tag ပြုလုပ်၍ အသိပေးခြင်းများ ဆောင်ရွက်သင့်ပါသည်။
၈။ ထို့သို့ ငွေကြေးလိမ်လည်မှုနှင့် အခြားပြဿနာများဖြစ်ပေါ်လာပါက နီးစပ်ရာ ရဲစခန်းသို့ အသိပေးတိုင်းကြားခြင်း၊ မှုခင်းရဲတပ်ဖွဲ့သို့ဆက်သွယ်၍ အချက်အလက်များပေးပို့ခြင်း၊ ခိုးယူခံရ သည့် Account များ၏ ယခင်အသုံးပြုခဲ့သော Email ၊ Username ၊ Password များမှတ်မိပါက မှုခင်းရဲတပ်ဖွဲ့မှ Account များအား ပြန်လည်ရရှိအောင် ကူညီဆောင်ရွက်နိုင်ခြင်း၊ မိမိ Account ၏ အခြေခံအချက်အလက်များ မမှတ်မိပါက အဆိုပါ Account အား Facebook Team သို့ အကြောင်းကြား၍ ပယ်ဖျက်ပေးခြင်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။ Facebook Team အနေဖြင့်လည်း ထိုသို့သော ငွေလိမ်လည်မှုများနှင့် အခြားကိစ္စရပ်များအတွက် ကူညီဆောင်ရွက်ပေး လျက်ရှိပါကြောင်း ပြည်သူလူထုထံ အသိပေးအကြောင်းကြားအပ်ပါသည်။