ကလေးနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်း ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော်၊ မေ ၁၀ ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရ
ကလေးနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်း ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ မေ ၁၀
ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးမြို့အဝင်၌ သက်ပိုင်စိုး မောင်းနှင်ပြီး ဇော်ထိုက် လိုက်ပါလာသော NISSAN CONDOR ယာဉ်နှင့် မျိုးရဲနိုင် မောင်းနှင်ပြီး ကျော်လင်း လိုက်ပါလာသော GOLDEN TRUCK ယာဉ် ၂ စီးပေါ်မှ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုအား ဖမ်းဆီးရမိ ခဲ့ကြောင်း၊စစ်ဆေးဖော်ထုတ်ချက်အရ ကလေးမြို့၊ စက်မှုဇုန်သွားလမ်း၌ နိုင်လင်းဇော် မောင်းနှင်ပြီး နေလင်းဦး(ခ) ဆေးဆရာ လိုက်ပါလာသော NISSAN CONDOR ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၈ ဒသမ ၆ ကီလိုအား ထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဘိန်းဖြူ ၇၇ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၈၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ပါသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိဘိန်းဖြူများအား ကလေးမြို့တွင်လက်ခံမည့်သူ ညွန့်တင်အား ကလေးမြို့အဝင်၌လည်းကောင်း၊ လားရှိုးမှကလေးသို့ သယ်ဆောင်ခိုင်းသူ နိုင်ဝင်း (ခ)ရုပ်ဆိုးအား ပြည်မြို့နယ်၊ ပြည်-အောင်လံသွားလမ်း၊ တီတွတ်ကျေးရွာအနီးတွင် TOYOTA HILUX ယာဉ် ၁ စီးနှင့်လည်းကောင်း ဆက်လက် ဖမ်းဆီးရမိခဲ့ပါသည်။
ကွင်းဆက်အရ ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မူးယစ်ဆေးဝါးများ သယ်ဆောင် ရာတွင် ပူးပေါင်းပါဝင်သူ ဘဂျမ်းအား စဉ့်ကိုင်မြို့နယ်၊ ကတိုးကျေးရွာရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၅၉ လမ်းနှင့် ၁၃၉ လမ်းထောင့်တွင် ရပ်တန့်ထားသည့် NISSAN CONDOR ၆ ဘီးယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၄ သန်း (၎င်းဒေသ တန်ဖိုးငွေကျပ် ၆ ဘီလီလံ)အား ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။
ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ငွေကျပ် ၉ ဒသမ ၈၅ ဘီလီလံတန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုနှင့် စိတ်ကြွဆေးပြား ၄ သန်းတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကလေးသို့ အဓိကသယ်ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ ကိုအောင်(ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရှိရ သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုး အမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့်လည်း ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
