ကျိုက်ထိုမြို့နယ်၌ မော်တော်ယာဉ်အား လမ်းပြောင်းပြန်မောင်းနှင်ပြီး ဘီးခွန်ဂိတ်အား ဝင်ရောက်တိုက်ကာ မောင်းနှင်ထွက်ပြေးသည့် ယာဉ်မောင်းအား ဖမ်းဆီးအရေးယူထား နေပြည်တော်၊ ဇွန် ၁၀ မွန်ပြည်နယ်၊
ကျိုက်ထိုမြို့နယ်၌ မော်တော်ယာဉ်အား လမ်းပြောင်းပြန်မောင်းနှင်ပြီး ဘီးခွန်ဂိတ်အား ဝင်ရောက်တိုက်ကာ မောင်းနှင်ထွက်ပြေးသည့် ယာဉ်မောင်းအား ဖမ်းဆီးအရေးယူထား
နေပြည်တော်၊ ဇွန် ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ဇွန်လ ၈ ရက်နေ့က မော်တော်ယာဉ်အား လမ်းပြောင်း ပြန်မောင်းနှင်ပြီး ဘီးခွန်ဂိတ်အား ဝင်ရောက်တိုက်ကာ မောင်းနှင်ထွက်ပြေးသည့် ယာဉ်မောင်းအား ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ကျိုက်ထိုမြို့နယ်၊ လက်ပြ ကျေးရွာ၊ ရန်ကုန်- မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၄၄ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၊ မြို့နယ် စည်ပင်သာယာရေး မော်တော်ယာဉ်ဘီးခွန် ကောက်ခံရေးဂိတ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကျိုက်ထိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေး ခဲ့ရာ မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်သို့ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်နေ ဟိန်းဇော်ဌေး(၂၉)နှစ် မောင်းနှင်လာသည့် MDY-15/2M-xxxx TOYOTA HILUX VIGO ယာဉ်သည် အဆိုပါမော်တော်ယာဉ် ဘီးခွန်ကောက်ခံရေးဂိတ်တွင် ၄င်းယာဉ်၏ရှေ့မှ မြို့ဝင်ကြေးဘီးခွန်ပေးဆောင်နေသာ ယာဉ်များအား ကျော်တက်မောင်းနှင်ကာ တစ်ဘက်ယာဉ်ကြောရှိ မောင်းတံတား၌ မြို့ဝင်ကြေးဘီးခွန်ကောက်ခံ နေသူ ကျိုက်ထိုမြို့၊ လက်ပြကျေးရွာ၊ အောင်ပြည့်ပိုင်(၁၆)နှစ်နှင့် တားဆီးထားသည့် မောင်းတံအား ဝင်တိုက်ကာ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် အောင်ပြည့်ပိုင်တွင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါမော်တော်ယာဉ်အား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၎င်းယာဉ်နှင့်အတူ ဟိန်းဇော်ဌေးအား စစ်တောင်းတံတားအနီး၌ ဖမ်းဆီးရမိခဲ့ သဖြင့် မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဟိန်းဇော်ဌေးအား ကျိုက်ထိုမြို့မရဲစခန်း ယာဉ်(ပ)၉/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
