Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Police Activities

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ(၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး(၁/ ၂၀၂၆)ကျင်းပပြုလုပ်

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ(၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး(၁/ ၂၀၂၆)ကျင်းပပြုလုပ် နေပြည်တော်၊ မတ် ၁၄                မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိ

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ(၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး(၁/ ၂၀၂၆)ကျင်းပပြုလုပ်

နေပြည်တော်၊ မတ် ၁၄

               မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေး (၁/၂၀၂၆)ကို မတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၈)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ(၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သော လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ စုစုပေါင်း ၃၀ ဦး တက်ရောက်ကြသည်။ 

               အစည်းအဝေးတွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ၁၉၉၇ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှစတင်၍ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅) နှစ်စီမံကိန်းများ အသီးသီးရေးဆွဲပြီး စီမံကိန်းပါ လုပ်ငန်းများကို နှစ်အလိုက်လုပ်ငန်းစီမံချက်များနှင့် လုပ်ငန်းကော်မတီများ၊ သက်ဆိုင်ရာဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး၊ တားဆီး ကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း။

               လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒုတိယဝန်ကြီးများ ဥက္ကဋ္ဌအဖြစ် ပါဝင်သော လုပ်ငန်းကော်မတီ ၄ ခုနှင့် အဆင့်ဆင့်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ များကို ဖွဲ့စည်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

               အဆိုပါလုပ်ငန်းကော်မတီများအနေဖြင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို စနစ်တကျ ဟန်ချက်ညီညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်း များကို ဆောင်ရွက်နိုင်ရန် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ (National Task Force)က နှစ်အလိုက်လုပ်ငန်း စီမံချက်များ ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်း။

               မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာစတုတ္ထ(၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆) အပေါ် အခြေခံပြီး ၂၀၂၆ ခုနှစ် လုပ်ငန်းစီမံချက်တွင် လုပ်ငန်းကဏ္ဍ(၄)ရပ်ဖြစ်သော မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍများတွင် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၊ လူကုန်ကူးမှုနှင့် ဆက်နွှယ်ဖြစ်ပွား လျက်ရှိသော လုပ်ငန်းစဉ်များ၊ အသစ်ထပ်မံထည့်သွင်းလိုသည့် လုပ်ငန်းစဉ်များ၊ ပြောင်းလဲဖြစ်ပေါ် နေသော လူကုန်ကူးမှုပုံစံများအား တားဆီးတိုက်ဖျက်နှိမ်နင်းနိုင်မည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ တပ်ဖွဲ့များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ပြင်ဆင်/ ဖြည့်စွက် အကြံပြုချက်များနှင့် အညီ ရေးဆွဲထားရှိကြောင်း။

               ယနေ့ကမ္ဘာပေါ်တွင် နည်းပညာတိုးတက်လာသည်နှင့်အမျှ နိုင်ငံဖြတ်ကျော် အွန်လိုင်း လိမ်လည်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ လိမ်လည်မှုများတွင် ယေဘုယျအားဖြင့် ငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားဆိုင်ရာ လိမ်လည်မှု၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လိမ်လည်မှု၊ အလုပ်အကိုင်လိမ်လည်မှု၊ ကံစမ်းမဲလိမ်လည်မှု၊ ချစ်သူရည်းစားအဖြစ် ဟန်ဆောင်မှု စသည့် နည်းလမ်းမျိုးစုံဖြင့် ပစ်မှတ်ထားကျူးလွန်နေသည်ကို တွေ့ရှိရကြောင်း၊ အလုပ်အကိုင် လိမ်လည်မှုများမှတစ်ဆင့် အတင်းအကြပ် အဓမ္မခိုင်းစေသည့် လူကုန်ကူးမှုများကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ကျူးလွန်လာသည်ကို တွေ့ရှိရကြောင်း။

               လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး အသိပညာပေးမှုအနေဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Billboard နှင့် ပိုစတာများ စိုက်ထူခြင်း၊ Talk Show များ ပြုလုပ်ခြင်း၊ နိုင်ငံပိုင် ရုပ်မြင်သံကြားတို့မှတစ်ဆင့် အသိပညာပေးဇာတ်လမ်းများ ထုတ်လွှင့်ပြသနိုင်ရေး ဆောင်ရွက်ခြင်း၊ လူကုန်ကူးမှုအသိပညာပေး စတေကာများကပ်ခြင်း၊ တယ်လီဖုန်းအော်ပရေတာများမှတစ်ဆင့် အများ ပြည်သူများထံ SMS များ ပေးပို့ခြင်းစသည်  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက် လျက်ရှိသည့်အပြင် လက်ရှိအွန်လိုင်းလိမ်လည်မှုများနှင့်ဆက်နွှယ်ပြီး ဖြစ်ပေါ်လာနိုင်သော လူကုန်ကူးမှု အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ပြည်သူလူထုသိရှိနိုင်ရေး ဖြန့်ဝေဆောင်ရွက်လျက် ရှိကြောင်း။

               ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရာမှ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ချိတ်ဆက်ကာ ဝန်ကြီးဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးကာ မိသားစုထံပြန်လည် အပ်နှံခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

                ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိခဲ့ကြပြီး အခက်အခဲ ကြုံတွေ့ရသဖြင့် ဆက်သွယ်ရေးသံတမန် လမ်းကြောင်းများဖြစ်သည့် သံတမန်လမ်းကြောင်း၊ National Central Bureau (NCB)နှင့် ရဲဆက်ဆံရေးလမ်းကြောင်းများမှတစ်ဆင့် အကူအညီတောင်းခံလာမှု များကို ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကယ်တင်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း။

               လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများရှိ ပြည်တွင်းစက်ရုံ အလုပ်ရုံ များ၏ လုပ်သားလိုအပ်ချက်၊ အာဆီယံဒေသတွင်း နိုင်ငံအချို့၏ လုပ်သားလိုအပ်ချက်များအပေါ် အခြေပြုပြီး မြန်မာနိုင်ငံအတွင်းမှ ရွှေ့ပြောင်းသွားရောက် လုပ်ကိုင်လိုသူများကို ပြည်ပသို့ တရားမဝင် ပို့ဆောင်နိုင်ရေးအတွက် လူမှောင်ခိုကူးသူများသည် အုပ်စုဖွဲ့ပြစ်မှုကျူးလွန်လာခဲ့ကြသည်ကို တွေ့ရှိ ရသဖြင့်  မိမိတို့နိုင်ငံတွင် လက်ရှိပြဋ္ဌာန်းအသုံးပြုလျက်ရှိသည့် ရာဇသတ်ကြီးဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေတွေကို အမှီပြု၍သာ ကျူးလွန်သူများကို အရေးယူဆောင်ရွက်ခဲ့ရသဖြင့် ဂိုဏ်းဖွဲ့ကျူးလွန်သည့် လူမှောင်ခိုကူးသူများကို တားဆီးနှိမ်နင်းနိုင်ရေးအတွက် လက်ရှိအရေးယူဆောင်ရွက်နေသည့် ဥပဒေများထက် ပိုမိုထိရောက်စွာ အရေးယူနိုင်ရန်အတွက် လူမှောင်ခိုကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ(မူကြမ်း)အား သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ အကြံပြုချက်များနှင့်အညီရေးဆွဲပြီး ဆောလျင်စွာ အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း။ 

               လူကုန်ကူးခံရသူများအား ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေး အပါအဝင် လူသားအချင်းချင်းစာနာသည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၎င်းတို့ ဘဝရပ်တည်နိုင်ရေးအတွက် နောက်ဆက်တွဲ စောင့်ရှောက်မှု အနေဖြင့် ကူညီထောက်ပံ့မှုများကို သက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်းများမှ ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

               လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနည်းဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီး ဖြစ်သဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေကို ထိရောက်စွာ အသုံးချနိုင်ရေး အထောက်အကူပြုမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ၂၀၂၅ ခုနှစ် မှစ၍ ယနေ့အချိန်ထိ ဖြစ်ပွားခဲ့သော လူကုန်ကူးမှုဖြစ်စဉ်များသည် ယခင်နှစ်များနှင့် မတူဘဲ ပိုမို ဆန်းသစ် သော ခေါင်းပုံဖြတ်မှုများကို တွေ့ရှိလာရသည့်အတွက် ပြောင်းလဲလာသော အခြေအနေများအပေါ် မူတည်ပြီး တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန်လိုကြောင်း။

                ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များမှ ၂၀၂၆ ခုနှစ် လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများ၊ စိန်ခေါ်မှုများနှင့် လုပ်ငန်းအခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့ကြပြီး အကြံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးက ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ပါသည်။

             မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ(၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက နိဂုံးချုပ် ပြောကြားရာတွင် ၂၀၂၆ ခုနှစ် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကဏ္ဍကြီး(၄)ရပ်အလိုက် ရေးဆွဲထား ရှိသော လုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်မြင်သော ရလဒ်ရရှိသည် အထိ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆောင်ရွက်ရာတွင် တွေ့ကြုံလာနိုင်မည့် အခက်အခဲ၊ စိန်ခေါ်မှုများကို ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းကြရမည် ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် လုပ်ငန်း စီမံချက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အမှန်တကယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ထည့်သွင်းရေးဆွဲထားသည့်အတွက် မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက်ပါဝင်သော လုပ်ငန်းစဉ် များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ်စီမံကိန်း(၂၀၂၂-၂၀၂၆)၏ မျှော်မှန်းထားရှိသည့် အကျိုးရလဒ်များ ရရှိရန် အထောက်အပံ့ပြု နိုင်မည်ဖြစ်ကြောင်း ပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။