ရန်ကုန်တိုင်းဒေသကြီး၌ သာကေတမြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့တွင် ရွှေထည်ပစ္စည်းများ ခိုးယူသူအမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး၌ သာကေတမြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့တွင် ရွှေထည်ပစ္စည်းများ ခိုးယူသူအမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ နေအိမ်အတွင်း ဝင်ရောက်၍ ရွှေထည်ပစ္စည်းများ ခိုးယူသူနှင့် လက်ထောက်ချသူ အမျိုးသမီးတို့နှင့် ကျောက်တန်းမြို့နယ်၌ လိုင်စင်ရအပေါင်ဆိုင်မှ ရွှေထည်ပစ္စည်းများ ခိုးယူသူနှင့် ပူးပေါင်းပါဝင်သူ အမျိုးသားနှစ်ဦးတို့အား သက်သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၃/ မာန်ပြေ ရပ်ကွက်၊ မာန်ပြေ ၁၄ လမ်း(အနောက်)၊ အိမ်အမှတ် ၇၃၉ ၌ ရွှေထည်ပစ္စည်းမျိုးစုံ(၆)ခုနှင့် ငွေ ၈,ဝဝဝ,ဝဝဝိ/ စုစုပေါင်းတန်ဖိုးငွေ ၂၇,၉ဝဝ,ဝဝဝိ/ ခန့် ခိုးယူခံရသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ သာကေတမြို့မရဲစခန်း (ပ)၂၄၀/ ၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း သတင်းရယူစုံစမ်း ခြင်းနှင့် ဒုစရိုက်မှုများကို မလိုလားသည့် ပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့် တရားခံများဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ရာ အခင်းဖြစ်နေအိမ်သို့ ဝင်/ ထွက်သွားလာလေ့ရှိသူ သာကေတမြို့နယ်၊ ၃/ မာန်ပြေရပ်ကွက်၊ မာန်ပြေ ၂၁ လမ်း(အနောက်)၊ အမှတ် ၁၆ နေ မနွယ်နွယ်ဝင်း(ခ) မစု(၄၅)နှစ်နှင့် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ စိုးမြတ်မင်း(ခ)စိုးကြီးတို့ ၂ ဦးအား ၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ၎င်းတို့၏နေအိမ်များ၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ စိုးမြတ်မင်း(ခ)စိုးကြီးနှင့် နွယ်နွယ်ဝင်း(ခ)မစုတို့အား စစ်ဆေးရာ ၎င်းတို့ နှစ်ဦးသည် ဇော်ဇော်အောင်(ခ)ဖိုးဇော်(ဖမ်းဆီးရန်ကျန်)၊ သက်ပိုင်ဦး(ဖမ်းဆီးရန်ကျန်)တို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းက အခင်းဖြစ်နေအိမ်မှပစ္စည်းများအား ခိုးယူရန်တိုင်ပင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် စိုးမြတ်မင်း(ခ)စိုးကြီး၊ ဇော်ဇော်အောင်(ခ) ဖိုးဇော်၊ သက်ပိုင်ဦးတို့သုံးဦးမှ အဆိုပါနေအိမ်ရှိ သစ်သားဗီရိုအတွင်းမှ ရွှေထည်ပစ္စည်း ၆ မျိုးနှင့် ငွေ ၈ဝ သိန်းတို့အား ခိုးယူခဲ့ပြီး ရွှေထည်ပစ္စည်းများအား ငွေ ၁၇,၉ဝဝ,ဝဝဝိ/ ကျပ်ဖြင့် ရောင်းချကာ ခွဲဝေယူဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံပစ္စည်းများ ပြန်လည်ရရှိရေး ဆောင်ရွက်ခဲ့ရာ အရည်ကျိုပုံပြောင်းထားသည့် ရွှေထည်ပစ္စည်း ၂ မျိုး၊ တန်ဖိုးငွေ ၁၉,၃ဝဝ,ဝဝဝိ/ ကျပ် သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိသူ စိုးမြတ်မင်း(ခ)စိုးကြီးအား အခြား ပြစ်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ/မရှိ အသေးစိတ် ထပ်မံစစ်ဆေးခဲ့ရာ ၎င်းနှင့်ခင်မင်ရင်နှီးသူများဖြစ်သည့် တံတားမြို့၊ ၃ ရပ်ကွက်၊ ရွှေညောင်ပင်လမ်းနေ အောင်မင်းသူ (၂၁)နှစ်၊ တစ်ရပ်ကွက်တည်းနေ ကျော်ဇင်လတ်(ခ)ကျော်ဇင်(၄၁)နှစ်၊ ဘိုကလေးမြို့နယ်၊ ၉ ရပ်ကွက်၊ ဓနတိုးချဲ့ ၃ လမ်းနေ စိုင်းဇော်ဇော်(ခ)ဇော်ဇော်(ခ)အောင်ပု (၃၄)နှစ်တို့ ၃ ဦးသည် ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အမှတ်(၁၄၈)ရှိ ဒေါ်ခင်သန်းဝင်း လိုင်စင်ရ အပေါင်ဆိုင်အတွင်း ဝင်ရောက်ခိုးယူမှုများ ကျူးလွန်ကြကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရဲစခန်းမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ကျောက်တန်းမြို့နယ်၊ တံတားနယ်မြေရဲစခန်းတွင် (ပ)၆/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇/ ၃၈၀ ဖြင့် အမှုဖွင့်လှစ်စုံစမ်းစစ်ဆေးလျက်ရှိသောအမှု ဖြစ်ကြောင်းသိရှိရသဖြင့် အောင်မင်းသူပါ ၃ ဦးအားဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများဖြစ်သည့် ရွှေထည်ပစ္စည်းမျိုးစုံ ၄၀ မျိုး၊ ခိုးယူရရှိသည့်ရွှေထည်ပစ္စည်းများ ရောင်းချငွေဖြင့် ဝယ်ယူထားသော မော်တော်ယာဉ် ၂ စီးနှင့် မော်တော်ဆိုင်ကယ် ၂ စီး၊ လက်ကိုင်ဖုန်း ၁ လုံး၊ ရွှေထည်ပစ္စည်းများ ပေါင်နှံ/ရောင်းချထားသည့်ဘောက်ချာစာရွက်မူရင်း ၁၀ စောင်၊ ငွေကျပ် ၉ဝ သိန်း၊ စုစုပေါင်းတန်ဖိုး ငွေကျပ် ၆ဝဝ,၇ဝဝ,ဝဝဝိ/ အား ပြန်လည်သိမ်းဆည်းရမိခဲ့သည်။
အထက်ပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူ စိုးမြတ်မင်း(ခ)စိုးကြီး၊ နွယ်နွယ်ဝင်း(ခ)မစု၊ အောင်မင်းသူ၊ စိုင်းဇော်ဇော်(ခ)ဇော်ဇော်(ခ)အောင်ပုနှင့် ကျော်ဇင်လတ်(ခ)ကျော်ဇင်တို့အား တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ဇော်ဇော်အောင် (ခ)ဖိုးဇော်၊ သက်ပိုင်ဦးတို့နှစ်ဦးအား ဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

