သာစည်မြို့နယ်နှင့် တောင်ကြီးမြို့တို့တွင် ငွေကျပ်သိန်း ၁,၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၇ ဇွန်လ ၄ ရက်နေ့ ည ၉ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီ
သာစည်မြို့နယ်နှင့် တောင်ကြီးမြို့တို့တွင် ငွေကျပ်သိန်း ၁,၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် ၇
ဇွန်လ ၄ ရက်နေ့ ည ၉ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်သို့မောင်းနှင်လာသည့် ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာ ဖွေရာ ယာဉ်ပေါ်တွင်လိုက်ပါလာသောခရီးသည် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်နေ သက်ကိုဝင်း (၃၆)နှစ်၏ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁,၃၅၀)၊ မြန်မာငွေကျပ် ၃၀,၀၀၀ တို့အား ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဇွန်လ ၅ ရက်နေ့ နံနက် ၄ နာရီအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ ပို့ဆောင်ခိုင်းသူ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ(၇)နေ စိုင်းညွန့်(ခ)မင်းညွန့်(၃၁)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ နယ်မြေ(၁၅)နေ အောင်ကိုကို (ခ)သားငယ်(၄၁)နှစ်တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၅၀)နှင့်အတူ ဖမ်းဆီးရမိသဖြင့် သက်ကိုဝင်း၊ စိုင်းညွန့်(ခ) မင်းညွန့်နှင့် အောင်ကိုကို(ခ)သားငယ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိကြောင်း သတင်းရရှိသည်။
