ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ကြက်တိုက်လောင်းကစားပြုလုပ်နေကြောင်း “ဝိုင်းကောင်းတယ်” ခေါင်းစဉ်ဖြင့် Social media များတွင် သတင်းမှားများပြန့်နှံ့လျက်ရှိ နေပြည်တော်၊ မတ် ၂၃  
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ကြက်တိုက်လောင်းကစားပြုလုပ်နေကြောင်း “ဝိုင်းကောင်းတယ်” ခေါင်းစဉ်ဖြင့် Social media များတွင် သတင်းမှားများပြန့်နှံ့လျက်ရှိ
နေပြည်တော်၊ မတ် ၂၃
“ဝိုင်းကောင်းတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စပါးရိုး ကျေးရွာအုပ်စု၊ လေးအိမ်ကျေးရွာမှာရှိပါတယ်၊ ဒါကပြည်သူလူထုရဲ့ လူမှုဘဝတွေကို ထိခိုက်ပါတယ်” ဟု ရေးသားကာ ကြက်တိုက်လောင်းကစားပြုလုပ်နေသောပုံများဖြင့် U Kyaw Soe Oo Telegram Channel တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဖော်ပြပါရှိခဲ့ပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများအား ဆက်သွယ်စိစစ်ခဲ့ရာ ဝါးခယ်မမြို့နယ်၊ စပါးရိုးကျေးရွာအုပ်စုအတွင်း၌ လေးအိမ်တန်းကျေးရွာအမည်သာရှိပြီး လေးအိမ်ကျေးရွာအမည်ဖြင့် ကျေးရွာမရှိကြောင်း၊ လေးအိမ်တန်းကျေးရွာရှိ ပြည်သူများသည် လယ်ယာလုပ်ငန်းနှင့် ရေချိုငါးဖမ်း လုပ်ငန်းများကိုသာ လုပ်ကိုင်ကြပြီး အဆိုပါမြို့နယ်ရှိ ငှက်ပျောချောင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များမှလည်း မိမိအပိုင်နယ်မြေအတွင်း လောင်းကစားဝိုင်းများ ပြုလုပ်မှုမရှိစေရေး ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များနှင့် ပေါင်းစပ်ကာ လောင်းကစားသတင်းများရရှိပါက အချိန်နှင့်တစ်ပြေးညီ ဖမ်းဆီးအရေးယူ နိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် ပြည်သူ့ စစ်မှုထမ်းခြင်းနှင့်အကျုံးဝင်သည့် ကျေးရွာနေ အမျိုးသားများအား ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မဲနှိုက်ရွေးချယ်ရန်အတွက် အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ပေးရန် လိုက်လံနှိုးဆော်ရာမှ ပုဂ္ဂိုလ်ရေး အမြင်မကြည်လင်မှုများကြောင့် ရပ်ရွာအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ အခြားဒေသမှ ရိုက်ကူးထားသည့် ဓါတ်ပုံများကို အသုံးပြုကာ U Kyaw Soe Oo Telegram Channel သို့ မဟုတ်မမှန်ရေးသားပေးပို့ရာမှ Social Media တွင် သတင်းမှားများပြန့်နှံ့ခဲ့ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းတာဝန်များ ထမ်းဆောင်လျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များမှ ဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်ကြောင်း တိကျ ခိုင်လုံသော အချက်အလက်များဖြင့် တိုင်တန်းတင်ပြလာပါက အချိန်နှင့်တစ်ပြေးညီ စစ်ဆေး ဖော်ထုတ်၍ ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိပါက အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် Social Media များတွင် ပြန့်နှံ့လျက်ရှိသော အဆိုပါဖြစ်စဉ်မှာ သတင်းမှားသာဖြစ်ကြောင်း သိရသည်။