ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ မိုးရွာသွန်းပြီးစတွင် အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် ယာဉ်များအဆင့်ဆင့်ဝင်ရောက်တိုက်မိပြီး အမျိုးသားနှစ်ဦး၊ အမျိုးသမီးခြောက်ဦးနှင့် ကလေးတစ်ဦးဒဏ်ရာရ
ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ မိုးရွာသွန်းပြီးစတွင် အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် ယာဉ်များအဆင့်ဆင့်ဝင်ရောက်တိုက်မိပြီး အမျိုးသားနှစ်ဦး၊ အမျိုးသမီးခြောက်ဦးနှင့် ကလေးတစ်ဦးဒဏ်ရာရရှိ
နေပြည်တော်၊ ဇွန် ၈
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ဇွန်လ ၆ ရက်နေ့က မိုးရွာသွန်းပြီးစတွင် အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် ယာဉ်များအဆင့်ဆင့် ဝင်ရောက်တိုက်မိပြီး အမျိုးသားနှစ်ဦး၊ အမျိုးသမီးခြောက်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၆ ရက်နေ့ ည ၉ နာရီခွဲအချိန်တွင် ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၂၁ မိုင် ၇ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပန်းတင်အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီး မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ပုသိမ်ကြီးမြို့နယ်၊ ချိုင့်ကြီးကျေးရွာနေ စိုးမိုးကျော်(၂၇)နှစ် မောင်းနှင်လာသည့် MDY-15 6P/xxxx Yutong Express ခရီးသည်တင်ယာဉ်သည် မိုးရွာသွန်းပြီးစတွင် အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ Guard Rail တန်း ၁၅ ခန်းအား ဝင်တိုက်မိပြီး လမ်းပေါ်တွင် ကန့်လန့်ဖြတ်ရပ်တန့်သွားခဲ့သဖြင့် လားရာတူနောက်မှ အောင်မြေသာဇံ မြို့နယ်နေ ဇော်ထက်(၃၉)နှစ် မောင်းနှင်သည့် YGN-6 3G/xxxx Toyota Alphard ယာဉ်၊ တောင်ငူမြို့၊ ကေတုမတီမြို့သစ်နေ ဝင်းသူအောင်(၃၄)နှစ် မောင်းနှင်သည့် YGN-8 6L/xxxx Toyota Harrier ယာဉ်နှင့် ပျော်ဘွယ်မြို့နေ ဝေယံဦး(၂၇)နှစ် မောင်းနှင်သည့် MGY-21 7N/xxxx Isuzu Canter ယာဉ်တို့မှ ရပ်တန့်စောင့်ဆိုင်းနေစဉ် လားရာတူနောက်မှ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်နေ ဉာဏ်ဝင်းပိုင်(၃၀)နှစ် မောင်းနှင်သည့် YGN-12 5K/xxxx Yutong Express ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ Toyota Harrier ယာဉ်၊ Isuzu Canter ယာဉ်နှင့် Toyota Alphard ယာဉ်တို့အား အဆင့်ဆင့်ဝင်ရောက်တိုက်မိရပ်တန့်သွားခဲ့ကြောင်း၊
မော်တော်ယာဉ်များမှာ အသီးသီး ဝင်ရောက်တိုက်မိရပ်တန့်သွားစဉ် လားရာတူနောက်မှ ပခုက္ကူမြို့နယ်နေ အောင်ထွန်းဦး(၄၁)နှစ် မောင်းနှင်သော MDY-12 6M/xxxx Yutong Express ခရီးသည် တင်ယာဉ်မှ ထပ်မံ၍အရှိန်မထိန်းနိုင်ဘဲ Isuzu Canter ယာဉ်၊ Yutong Express ခရီးသည်တင် ယာဉ်နှင့် Toyota Harrier ယာဉ်တို့အား အသီးသီးထပ်ဆင့်၍ ဝင်တိုက်မိခဲ့ကြောင်း၊
ယာဉ်များအဆင့်ဆင့် ဝင်ရောက်တိုက်မိမှုကြောင့် MDY-12 6M/xxxx Yutong Express ခရီးသည်တင်ယာဉ်ပေါ်မှ ယာဉ်မောင်း ဦးအောင်ထွန်းဦး(၄၁)နှစ်၊ ခရီးသည် ဦးအံ့ဇော်လင်း(၅၀)နှစ်၊ မောင်ဝေဖြိုးအောင်(၉)နှစ်၊ မဇင်မာထွန်း(၃၁)နှစ်၊ ဒေါ်ပူစူး(၅၃)နှစ်၊ မရွှန်းအိဝေ(၂၆)နှစ်၊ ဒေါ်နွဲ့နွဲ့ရီ (၆၀)နှစ်၊ မအိကေဇင်ဝင်း (၃၂)နှစ်နှင့် YGN-12 5K/xxxx Yutong Express ခရီးသည်တင်ယာဉ်ပေါ်မှ ခရီးသည် ဒေါ်ခင်သန်းလှ(၅၁)နှစ် တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ယာဉ်အား မဆင်မခြင်ပေါ့လျော့စွာမောင်းနှင်သူ စိုးမိုးကျော်၊ ဉာဏ်ဝင်းပိုင်နှင့် အောင်ထွန်းဦးတို့အား ပန်းတင် အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
