ရဲတပ်ဖွဲ့သမိုင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့ သမိုင်းအကျဉ်း (Brief History of Myanmar Police Force)
မြန်မာနိုင်ငံကို မြန်မာမင်းများက ကိုယ့်ထီးကိုယ့်နန်းဖြင့် အုပ်ချုပ်ခဲ့သော ကာလများတွင် နိုင်ငံတော် အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို မြို့စား၊ မြို့ဝန်၊ စစ်ကဲ၊ နာခံ၊ ကွန်းဘိုးထိန်းဝန်၊ မြို့သူကြီးနှင့် ရွာသူကြီးစသော ပုဂ္ဂိုလ်များဖြင့် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါသည်။ နိုင်ငံတော်အတွက် အရေးကြုံပါက စစ်အရန်အင်အားဖြင့် ဖွဲ့စည်းထားရှိခဲ့ကြပါသည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီ နယ်ချဲ့ လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် ဗြိတိသျှကိုလိုနီ၏ ရဲလုပ်ငန်းစနစ်ကို စတင်ခဲ့ကြသည်။ ထိုအချိန်တွင် ရဲတပ်ဖွဲ့ကို ဗမာရဲအဖြစ် သိခဲ့ကြပါသည်။ ဗြိတိသျှတို့သည် ၁၈၈၇ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် ကျေးရွာအက်ဥပဒေကို ပြဌာန်းခဲ့ပြီး ကျေးရွာပုလိပ်အဖွဲ့ကို စတင် ဖွဲ့စည်းခဲ့သည်။ ၁၈၈၉ ခုနှစ်တွင် ရန်ကုန်ပုလိပ် အက်ဥပဒေကို ပြဌာန်းပြီး ရန်ကုန်ပုလိပ်အဖွဲ့ (Rangoon City Police) ကို ခွဲထုတ်ဖွဲ့စည်းခဲ့ရာ ပုလိပ်အဖွဲ့၊ မြို့ပြပုလိပ်အဖွဲ့၊ ရန်ကုန်မြို့တော် ပုလိပ် အဖွဲ့တို့ ပေါ်ပေါက်လာသည်။ ၁၉၃၇ ခုနှစ် Home Rule ကိုယ်ပိုင်အုပ်ချုပ်ရေးကာလတွင် ပုလိပ်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပုလိပ်မင်းကြီးတစ်ဦးမှ အုပ်ချုပ်သော သာမန်ပုလိပ်နှင့် စစ်ဘက်အရာရှိကြီး တစ်ဦးမှ အုပ်ချုပ်သော စစ်ပုလိပ်ဆိုပြီး နှစ်မျိုးခွဲထုတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း လက်နက်ကိုင်ပုလိပ်တပ်ဖွဲ့များအား ပြည်ထောင်စုစစ်ရဲတပ်ရင်း (Union Military Police- UMP) အဖြစ် ပေါင်းစည်းဖွဲ့စည်းခဲ့ပြီး တပ်ရင်းပေါင်း (၂၁) ရင်းရှိပြီး နယ်ခြားစောင့်နှင့် ပြည်တွင်းလုံခြုံရေးတပ်ဟု ဖွဲ့စည်းခဲ့သည်။ ၁၉၅၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (International Criminal Police Organization) သို့ ဝင်ရောက်ခဲ့ပါသည်။ ၁၉၆၈ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် ပြည်ထောင်စုစစ်ရဲကို ပြည်စောင့်ရဲ (Union Constabulary) ဟု ပြင်ဆင်ခဲ့ပါသည်။ ၁၉၆၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့ (People’s Police Force) အမည်ဖြင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။ ၁၉၉၅ ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ အမိန့်အမှတ် (၁/၉၅) ကို ထုတ်ပြန်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (Myanmar Police Force ) ဟု အမည်ပြောင်းလဲခဲ့ပြီး နှစ်စဉ် အောက်တိုဘာလ(၁) ရက်နေ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲချုပ်များ အမည်စာရင်း