လုပ်ငန်းတာဝန်များ
၁။ တရားမဝင်နည်းလမ်းဖြင့် ရရှိသည့်ငွေကြေးနှင့်ပစ္စည်းများကို ထိန်းချုပ်ရေးဆိုင်ရာ သတင်းအချက် အလက် ဖလှယ်ရေးကိစ္စရပ် များနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံ ဆောင်ရွက်ခြင်း။
၂။ ဤနည်းဥပဒေများအရ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများက ဆောင်ရွက်ရမည့်ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ စုံစမ်းထောက်လှမ်းပြီးသတင်းပေးပို့ရမည့်ကိစ္စများကို ပေးပို့ခြင်း မရှိလျှင်သော် လည်းကောင်း၊ သာမန်ထက်ပိုမိုထူးခြားသော သို့မဟုတ် သံသယဖြစ်ဖွယ်ရှိသော သတင်းအချက် အလက်များ ရရှိလျှင်သော်လည်းကောင်း ဗဟိုထိန်းချုပ်ရေးအဖွဲ့သို့ အစီရင်ခံစာ တင်ပြခြင်း။
၃။ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့်မဟုတ်ဘဲ တရားမဝင်သော နည်းလမ်းဖြင့် ငွေကြေးလွှဲပြောင်းမှုများ နှင့်စပ်လျဉ်း၍ သတင်းအချက်အလက်များရရှိပါက ဗဟိုထိန်းချုပ်ရေးအဖွဲ့သို့ အစီရင်ခံတင်ပြခြင်း။
၄။ မရွှေ့မပြောင်းနိုင်သောပစ္စည်းများလွှဲပြောင်းသည့် စာချုပ်စာတမ်းများမှတ်ပုံတင်ကိစ္စ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ စုံစမ်းထောက်လှမ်းပြီး ဥပဒေပုဒ်မ ၂ဝ အရ ကြေးတိုင်နှင့်မြေ စာရင်းဦးစီးဌာနနှင့်ယင်း လက်အောက်ရှိ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်မြေစာရင်းဦးစီးဌာန၊ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးများမှ တာဝန်ရှိသူများက သတင်းပေးပို့ရမည့်ကိစ္စများကို ပေးပို့ခြင်းမရှိလျှင်သော် လည်းကောင်း၊ သာမန်ထက်ပိုမိုထူးခြားသော သို့မဟုတ် သံသယဖြစ်ဖွယ်ရှိသော သတင်းအချက်အလက် များရရှိလျှင်သော်လည်းကောင်း ဗဟိုထိန်းချုပ်ရေးအဖွဲ့သို့ အစီရင်ခံတင်ပြခြင်း။
၅။ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသူ သို့မဟုတ် ပြည်ပသို့ထွက်ခွာမည့်သူ တစ်ဦးဦးက ပြည်တွင်းသို့ ယူဆောင်လာသော သို့မဟုတ် ပြည်ပသို့ယူဆောင်သွားသော ငွေကြေးများနှင့်စပ်လျဉ်း၍ စုံစမ်းထောက်လှမ်းပြီး သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများမှတာဝန်ရှိသူများက သတင်းပေးပို့ရမည့်ကိစ္စများကို ပေးပို့ခြင်း မရှိလျှင်သော် လည်းကောင်း၊ သာမန်ထက် ပိုမိုထူးခြားသော သို့မဟုတ် သံသယဖြစ်ဖွယ်ရှိသော သတင်း အချက်အလက်များ ရရှိလျှင်သော်လည်းကောင်း ဗဟိုထိန်းချုပ်ရေးအဖွဲ့သို့ အစီရင်ခံတင်ပြခြင်း။
၆။ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အစိုးရဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား လိုအပ်သော ကျွမ်းကျင်မှုနည်းပညာများ တိုးပွားစေရန်အတွက် အထောက်အကူပြုသင်တန်းများပေးနိုင်ရန် ဗဟို ထိန်းချုပ်ရေးအဖွဲ့သို့ အကြံပြုတင်ပြခြင်း။