လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ သင်တန်းပို့ချ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးခံရမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ သင်တန်းပို့ချ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးခံရမှု အန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဖြစ်စဉ် များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ ကြီးကြပ်၍ မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာရပ်ကွက်ရှိ ဂရုဏာလူမှုစည်းလုံး ညီညွတ်ရေးအသင်းခန်းမတွင်ဖွင့်လှစ်သော ဒေသဆိုင်ရာဧည့်လမ်းညွှန်မှု(အခြေခံ)သင်တန်း အမှတ်စဉ် (၂၀/၂၀၁၆)သို့ တက်ရောက်နေသည့် သင်တန်းသား/သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်ရာ ဘာသာရပ်ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်မှ မွန်းတည့် ၁၂ နာရီအချိန်ထိ အမှတ်(၁၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မြစ်ကြီးနား)မှ ဆွေးနွေးပို့ချခဲ့သည်။ အဆိုပါသင်တန်းတွင် အမှတ်(၁၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မြစ်ကြီးနား)မှ ဒုတိယရဲမှူး စိုးမင်း က ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ မြန်မာ နိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသော လူကုန်ကူးမှုပြဿနာများ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုတို့၏ ကွဲပြားမှုနှင့်အင်္ဂါရပ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့် ပြစ်မှုဆိုင်ရာဥပဒေတို့၏ ပြစ်မှု/ပြစ်ဒဏ် ကွာခြားချက်များ၊ လူကုန်ကူးမှုဥပဒေနှင့် ဆက်စပ်ဥပဒေများ၊ လူကုန်ကူးမခံရစေရေး ကြိုတင်သိရှိပြင်ဆင်ထားရမည့် အချက်များ၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းကြောင့် တွေ့ကြုံနိုင်သည့်အခက်အခဲများ၊ လူကုန်ကူးမှု ဖြစ်စဉ်များအကြောင်း အသေးစိတ်ဆွေးနွေးပို့ချခဲ့ပြီး သင်တန်းသား/သူ(၁၇၁)ဦးတို့အား ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။