မြစ်ကြီးနားမြို့၊ လူငယ်ဘက်စုံလေ့လာမှုသင်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာဘာသာရပ် ဆွေးနွေးပို့ချ နေပြည်တော်၊ မတ် ၂၃ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး
မြစ်ကြီးနားမြို့၊ လူငယ်ဘက်စုံလေ့လာမှုသင်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာဘာသာရပ် ဆွေးနွေးပို့ချ

နေပြည်တော်၊ မတ် ၂၃
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူး ခံရမှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် လူကုန်ကူးမှု ဖြစ်စဉ်များကို သိရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့၊ ပြန်လည်နေရာချထားရေးရပ်ကွက်ရှိ လူငယ်ဘက်စုံလေ့လာမှုသင်တန်းကျောင်း၌ဖွင့်လှစ်သော "ကိုယ်ရည်ကိုယ်သွေးနှင့်ခေါင်းဆောင်မှုသင်တန်း"အမှတ်စဉ်(၁၀)သို့ တက်ရောက်နေသည့် သင်တန်းသား/ သင်တန်းသူများအား အမှတ်(၁၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မြစ်ကြီးနား)က လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာဘာသာရပ် ဆွေးနွေးပို့ချခဲ့သည်။ ယင်းသို့ဆွေးနွေးပို့ချရာတွင် အမှတ်(၁၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မြစ်ကြီးနား)မှ ရဲအုပ် လှိုင်စိုး က လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော လူကုန်ကူးမှုပြဿနာများ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုတို့၏ ကွဲပြားမှုနှင့် အင်္ဂါရပ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့် ဆက်စပ်ဥပဒေများ၊ လူကုန်ကူးသူ/လူပွဲစားများ၏ စည်းရုံးပုံနည်းလမ်းများအကြောင်းတို့ကို အသေးစိတ်ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာသည့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၃၄)ဦးတို့အား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိသည်။