ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်အား ဝင်ရောက်လုယက်ခဲ့သူ တရားခံ များအား ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သည့် တာဝန်သိပြည်သူများအား ဂုဏ်ပြုဆုငွေများချီးမြှင့် နေပြည်တော်၊ အောက်တိုဘာ ၃
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်အား ဝင်ရောက်လုယက်ခဲ့သူ တရားခံ များအား ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သည့် တာဝန်သိပြည်သူများအား ဂုဏ်ပြုဆုငွေများချီးမြှင့်
နေပြည်တော်၊ အောက်တိုဘာ ၃၁
အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH/NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအား ပျက်ပြား စေရန်၊ ပြည်သူလူထုများကို စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေပြီး ၎င်းတို့အား ထောက်ခံလာစေရန် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် သတ်ဖြတ်လုယက်မှုများကို ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်နေမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ အကြမ်းဖက်မှုကို မလိုလား သည့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်၍ ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန် အထူးလိုအပ် ကြောင်းနှင့် အကြမ်းဖက်မှုများအား ဖော်ထုတ်အရေးယူနိုင်ခဲ့မှုများတွင် ပါဝင်ကူညီခဲ့ကြသည့် တာဝန်သိပြည်သူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေး လျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၄)ရပ်ကွက်ရှိ “ရွှေစင်အကယ်ဒမီ”ရွှေဆိုင်သို့ ရွှေပြည်သာ မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ ခိုင်ဇော်လတ်(ခ)ကိုရိုး(၄၇)နှစ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၆)ရပ်ကွက်နေ ဇော်လင်း(ခ)ဇော်ကြီး(ခ)ကိုဇော် (၄၁)နှစ်တို့ရောက်ရှိလာပြီး ဆိုင်အတွင်း ဝင်ရောက်ကာ သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုကျူးလွန်စဉ် တာဝန်သိပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ တရားခံ ခိုင်ဇော်လတ်အား လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ LUGER အမျိုးအစား ကျည် ၄ တောင့်၊ THAI ARMS ကျည် ၁ တောင့်၊ 9MM ကျည် ၂ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားသူ တရားခံ ဇော်လင်းအား ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ ၎င်း၏နေအိမ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ခဲ့ပါသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်လုယက်မှုကျူးလွန်သူ တရားခံများအား ဝိုင်းဝန်းဖမ်းဆီးပေး ခဲ့သည့် တာဝန်သိပြည်သူခြောက်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဂုဏ်ပြုဆုငွေများ ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် အကြမ်းဖက်မှုများကင်းစင်ပပျောက်စေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား စဉ်ဆက်မပြတ်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။