မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇွန် ၁၁ မွန်ပြည်နယ် ပေါင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊
မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
နေပြည်တော်၊ ဇွန် ၁၁
မွန်ပြည်နယ် ပေါင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းနှင့် ဘိုကလေးမြို့နယ်တို့၌ ဇွန်လ ၉ ရက်နေ့က လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၉ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာနေ ဒေါ်မော်မော်အေး(၄၄)နှစ်၏နေအိမ်၌ နှစ်လုံး/သုံးလုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်း အရ ဇင်းကျိုက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအားနေအိမ်အောက်ထပ်၌ နှစ်လုံး/သုံးလုံးထီလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မော်မော်အေးအား ဇင်းကျိုက်နယ်မြေရဲစခန်း (ပ)၂၇/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့်လည်းကောင်း။
အလားတူ မွန်းလွဲ ၁ နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ ကြာဖြူကျေးရွာနေ မြင့်ဇော်ဦး (၄၁)နှစ်၏နေအိမ်၌ နှစ်လုံး/သုံးလုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ကျိုက်ထိုမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအားနေအိမ် အောက်ထပ်၌ နှစ်လုံး/သုံးလုံးထီလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မြင့်ဇော်ဦးအား ကျိုက်ထိုမြို့မရဲစခန်း (ပ)၁၇၁/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့်လည်းကောင်း။
အလားတူ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်တွင် မော်လမြိုင်မြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာနေ ဒေါ်အေးအေးသင်း(၅၂)နှစ်၏နေအိမ်၌ နှစ်လုံး/သုံးလုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်း အရ စက်မှုဇုန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နှစ်လုံး/သုံးလုံးထီလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အေးအေးသင်းအား စက်မှုဇုန်နယ်မြေ ရဲစခန်း (ပ)၁၄/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့်လည်းကောင်း။
အလားတူ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်တွင် ညောင်ရွှေမြို့နယ်၊ အုန္နဲပင်ကျေးရွာ၌ ကြက်တိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ညောင်ရွှေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာ၏အရှေ့ဘက် ရွာအထွက်လမ်းဘေး၌ ထပ်အိမ်ဂူကျေးရွာနေ ဝင်းဦး(၅၇)နှစ်၊ အုန္နဲပင်ကျေးရွာနေ မိုးကောင်းအေး(၃၅)နှစ်နှင့် ကျောက်ရေအိုး ကျေးရွာနေ စိုးသန်းမင်း(ခ)မင်းမင်း(၄၄)နှစ်တို့အား ကြက်တိုက်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် တိုက်ကြက်ဖ ၂ ကောင်၊ ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် ဝင်းဦး၊ မိုးကောင်းအေးနှင့် စိုးသန်းမင်း(ခ)မင်းမင်းတို့ ၃ ဦးအား ညောင်ရွှေ မြို့မရဲစခန်း (ပ)၈၀/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့်လည်းကောင်း။
အလားတူ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်တွင် ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ ရွိုင်ရယ် ကွမ်းယာဆိုင်၌ နှစ်လုံးထီလောင်းကစား ပြုလုပ်နေကြောင်းသတင်းအရ ကြံခင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဒေါ်နန်းယဉ်လှိုင် (၅၁)နှစ်အား ကွမ်းယာဆိုင်ခုံပေါ်၌ နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း ၁ လုံး၊ ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် နန်းယဉ်လှိုင် အား ကြံခင်းမြို့မရဲစခန်း (ပ)၁၈/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့်လည်းကောင်း။
ထို့အတူ ညနေ ၃ နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ဓနုံးချောင်းကျေးရွာနေ ဦးမောင်ဆန်း (၅၆)နှစ်၏နေအိမ်၌ နှစ်လုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဘိုကလေးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအားနေအိမ်ရှေ့ခန်း၌ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မောင်ဆန်းအား ဘိုကလေးမြို့မရဲစခန်း (ပ)၅၄/၂၀၂၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။
(ရဲပြန်ကြား)
